ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲဝင်မည့် မြန်မာယူ-၂၁ အသင်းကို ယခုလအတွင်း ဖွဲ့စည်းမည်ဟုဆို
==================================================
(Byချစ်ဝိုင်း)
ဗီယက်နမ်ဖိတ်ခေါ်ယူ- ၂၁ ဘောလုံးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် မြန်မာအသင်းကို ယခုလအတွင်း ဖွဲ့စည်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောသည်။
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ ရှိ သောင်နတ်အားကစားကွင်း၌ ကျင်းပမည့် "International U-21Thanh Nien Newspaper Cup 2017" ပြိုင်ပွဲကို ဒီဇင်ဘာတွင် ကျင်းပမည်ဖြစ်သည်။
‘‘ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲ ၀င်ပြိုင်ဖို့ရှိတာကြောင့် ယူ-၂၁ အသင်းကို အခုလပိုင်းအတွင်း ဖွဲ့စည်းသွားမယ်။ ဒီအသင်းက ၂၀၁၉ ဆီးဂိမ်းဝင်ပြိုင်မယ့် အ သင်းအဖြစ် ဖွဲ့စည်းသွားမယ်။ ဒီ အသင်းကိုင်တွယ်မယ့် နည်းပြချုပ်ကိုလည်း မရွေးချယ်ရသေးပါဘူး’’ ဟု ဦးဘုန်းနိုင်ဇော်ကပြောသည်။
ယင်းပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံက နှစ်စဉ်အိမ်ရှင်အဖြစ်လက်ခံကျင်းပပြီး ၂၀၁၃ က စတင်ကာ မြန်မာယူ-၂၁ အသင်းများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အောင်မြင်မှုမရရှိပေ။
ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲ တွင် အရှေ့တောင်အာရှနိုင်ငံများ အပြင် အာရှဒေသမှ ဘောလုံးအင်အားကြီး နိုင်ငံများဖြစ်သည့် တောင်ကိုရီးယား၊ ဂျပန် စသည့် အသင်းများကို ဖိတ်ခေါ်ကာ ယှဉ်ပြိုင်စေခြင်းကြောင့် ပြိုင်ပွဲအတွေ့အကြုံကောင်းများ ရရှိစေကြောင်း အဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၂၀၁၇ ဗီယက်နမ်ဖိတ်ခေါ် ယူ-၂၁ ပြိုင်ပွဲဝင်ရန် မြန်မာအသင်းကို ဖိတ်ကြားထားသော်လည်း အခြားပြိုင်ပွဲဝင်နိုင်ငံများကို မသိရသေးကြောင်း ၎င်းကပြောသည်။
Credit: 7 Day Daily #MFootballStar
Following Facebook: M Football S

Comments