တစ်မျိုးတစ်ဖုံ ရသအစုံ ပေးဦးမယ့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များ
===========================================
မေလဆန်းကတည်းက စတင်ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲဟာ ပထမအဆင့်နဲ့ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲတွေ ပြီးဆုံးသွားခဲ့ပြီး ဖြစ်လို့ မနက်ဖြန်မှာ ကွာတားအဆင့် ပွဲစဉ်တွေကို စတင် ယှဉ်ပြိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ် အဆင့် ဖြစ်တာနဲ့ အညီ နောက်ဆုံးကျန်ရှိနေတဲ့ အသင်း ၈ သင်းဟာ ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် ရေကုန်ရေခမ်း ကြိုးပမ်းကြရ ဦးမှာ ဖြစ်ပါတယ်။ ကွာတားပွဲစဉ် ၄ ပွဲလုံးကို ရန်ကုန်မှာပဲ ကျင်းပသွားမှာ ဖြစ်ပြီး အောင်ဆန်းကွင်းနဲ့ သုဝဏ္ဏကွင်းတွေမှာ နှစ်ရက်ခွဲပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ် ပွဲစဉ်တွေ အားလုံးကို ညနေ ၅း၀၀ နာရီမှာ ကျင်းပဖို့ မူလက စီစဉ်ထားပေမယ့် လက်ရှိမှာ လျှပ်စစ်မီးအခြေအနေ၊ ရာသီဥတု အခြေအနေတွေရယ်ကြောင့် အောင်ဆန်းကွင်းက ပွဲတွေကို ညနေ ၃း၀၀ နာရီမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ သုဝဏ္ဏကွင်းက ပွဲတွေကတော့ နဂိုအတိုင်း ညနေ ၅း၀၀ နာရီမှာပဲ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။
မကွေး - ရှမ်းယူနိုက်တက်
(စက်တင်ဘာ ၂၀၊ ညနေ ၅း၀၀ နာရီ၊ သုဝဏ္ဏကွင်း)
နောက်ဆုံး တွေ့ဆုံမှု = မကွေး ၀-၂ ရှမ်းယူနိုက်တက်
ကွာတားပွဲစဉ်တွေထဲ အကောင်းဆုံးပွဲ ဖြစ်လာမယ့် ပွဲပါ။ လိဂ်မှာ ချန်ပီယံဆုကို မျှော်မှန်းနိုင်ဖို့ မလွယ်တော့တာကြောင့် ဒီပြိုင်ပွဲကို မကွေး အားစိုက်လာနိုင်ပါတယ်။ လက်ရှိ ချန်ပီယံလည်း ဖြစ်တာကြောင့် ဂုဏ်သိက္ခာပိုင်းအရလည်း ဒီပွဲကို အနိုင်ကစားပြီး ဆီမီးကို တက်ရောက်နိုင်ဖို့ မကွေးတို့ ကြိုးစားလာမှာပါ။ ရှမ်းယူနိုက်တက်ကလည်း လိဂ်မှာသာ မက ရှုံးထွက်ပွဲမှာပါ သမိုင်းဝင် အောင်မြင်မှု ရယူနိုင်ဖို့ ကြိုးစားလာမှာ သေချာပါတယ်။ လိဂ်မှာ ချန်ပီယံဖြစ်ဖို့ အခြေအနေ ကောင်းနေသလို ရှုံးထွက်မှာလည်း ကွာတားရောက်နေပြီ ဖြစ်တာကြောင့် အားကုန်ထုတ် ယှဉ်ပြိုင်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒီပွဲကို မြဝတီ ရုပ်မြင်သံကြားက ရိုက်ကူးမှာ ဖြစ်ပြီး MWD Variety နဲ့ MWD Shopping ရုပ်သံလိုင်းများ အပြင်၊ General Aung San Shield Facebook Page ကနေလည်း တိုက်ရိုက် Live Stream ပြသပေးသွားမှာ ဖြစ်ပါတယ်။
ဟံသာဝတီ ယူနိုက်တက် - ရန်ကုန် ယူနိုက်တက်
(စက်တင်ဘာ ၂၀၊ ညနေ ၃း၀၀ နာရီ၊ အောင်ဆန်းကွင်း)
နောက်ဆုံး တွေ့ဆုံမှု = ရန်ကုန် ယူနိုက်တက် ၁-၀ ဟံသာဝတီ ယူနိုက်တက်
ပြီးခဲ့တဲ့ တနင်္ဂနွေကမှာ ရင်ဆိုင်ထားတဲ့ အသင်းနှစ်သင်း နောက် ၄ ရက် အကြာမှာ ပြန်တွေ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲတုန်းကတော့ တစ်ဘက်နဲ့ တစ်ဘက် သိသိသာသာ အသာစီး ရတာမျိုး မရှိဘဲ ရန်ကုန် ယူနိုက်တက်က ပင်နယ်တီ တစ်လုံးတည်းနဲ့ နိုင်ခဲ့ပါတယ်။ ဒီပွဲကတော့ ရှုံးရင် ထွက်ရမယ့် ပွဲဖြစ်တာကြောင့် နှစ်သင်းစလုံး ပြီးခဲ့တဲ့ ပွဲကထက် ပိုပြီး အာရုံစိုက် ကစားလာဖွယ် ရှိပါတယ်။ ရန်ကုန်က ရလဒ်တွေ ပြန်ကောင်းလာတယ် ဆိုပေမယ့် ကစားပုံကတော့ မကောင်းသေးပဲ ပုံစံကောင်းရဖို့ ရုန်းကန်နေရဆဲပါ။ ဟံသာဝတီကလည်း ထိုနည်းလည်းကောင်းပါပဲ။ အသင်းလိုက် ကစားပုံမှာ ခုချိန်ထိ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ မဖြစ်မနေ နိုင်ရမယ့် ပွဲဖြစ်တာမို့ နှစ်သင်းစလုံးရဲ့ အားစိုက်ထုတ်မှုတွေကို မြင်ရဖို့ ရှိနေပြီး ပွဲချိန်အတွင်း ရလဒ်ပြတ်သားဖို့တော့ မလွယ်လောက်ပါဘူ။ ဒီပွဲကို MNL Web TV Page ကနေ Live Stream ပြသပေးသွားမှာ ဖြစ်ပါတယ်။
ရခိုင်ယူနိုက်တက် - ဧရာဝတီ ယူနိုက်တက်
(စက်တင်ဘာ ၂၁၊ ညနေ ၃း၀၀ နာရီ၊ အောင်ဆန်းကွင်း)
နောက်ဆုံးတွေ့ဆုံမှု = ရခိုင်ယူနိုက်တက် ၁-၂ ဧရာဝတီ ယူနိုက်တက်
ကွာတားအဆင့် ပွဲစဉ်တွေထဲက နောက်ထပ် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ ရခိုင်ယူနိုက်တက် အနေနဲ့ ပြီးခဲ့တဲ့ လိဂ်ပွဲစဉ်မှာ ရှမ်းယူနိုက်တက်ကို ရှုံးခဲ့တာက လွဲရင် လေးပွဲဆက် ရှုံးပွဲမရှိခဲ့တာ ဖြစ်ပါတယ်။ ခြေစွမ်းပိုင်း ပုံစံကောင်း ရနေတာ ဖြစ်ပြီး အသင်းလိုက် စုဖွဲ့မှုလည်း ကောင်းမွန်တာ တွေ့ရပါတယ်။ ဧရာဝတီကတော့ ရှုံးထွက်ပွဲတိုင်းမှာ ရလဒ်ကောင်းလေ့ရှိတဲ့ အသင်းဖြစ်တာနဲ့ အညီ ဒီပွဲကိုလည်း အာရုံစိုက်လာမှာ သေချာပါတယ်။ ရှုံးထွက်မှာ အောင်မြင်မှု အများဆုံးရရှိထားတဲ့ ဂုဏ်ပုဒ်ကို ဧရာဝတီတို့ ဆက်ထိန်းဖို့ ကြိုးစားမှာ ဖြစ်လို့ ပရိသတ်တွေ အနေနဲ့ ပွဲကောင်းတစ်ပွဲကို ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဒီပွဲကို မြဝတီရုပ်သံရဲ့ MWD Variety နဲ့ MWD Shopping ရုပ်သံလိုင်းများ အပြင်၊ MNL Web TV Page ကနေလည်း တိုက်ရိုက် Live Stream ပြသပေးသွားမှာ ဖြစ်ပါတယ်။
ဆောက်သမ်းမြန်မာ - ရတနာပုံ
(စက်တင်ဘာ ၂၁၊ ညနေ ၅း၀၀ နာရီ၊ သုဝဏ္ဏကွင်း)
နောက်ဆုံးတွေ့ဆုံမှု = ဆောက်သမ်းမြန်မာ ၂-၁ ရတနာပုံ
ရတနာပုံက စုစည်းမှု ပျက်နေသလိုပါပဲ။ နှစ်ပွဲဆက်တိုက် ရလဒ်မကောင်း ဖြစ်ထားပါတယ်။ ဆောက်သမ်းကတော့ ပြီးခဲ့တဲ့ အပတ်က အိမ်ကွင်းမှာ ပူပူနွေးနွေး အနိုင်ရထားတဲ့ ရတနာပုံနဲ့ ပြန်တွေ့တာဖြစ်လို့ စိတ်ဓာတ်ပိုင်း အသာစီး ရနေဖို့ ရှိပါတယ်။ ဒါပေမဲ့လည်း ပြိုင်ပွဲခြင်း မတူတာကြောင့် ရတနာပုံကို လျော့တွက်လို့ မဖြစ်ပြန်ပါဘူး။ လိဂ်မှာ ထိပ်ဆုံး အသင်းနဲ့ ၆ မှတ် ကွာသွားပြီ ဖြစ်လို့ ချန်ပီယံဆုကို လက်လျော့ရတော့မယ့် အနေအထား ဖြစ်နေတာကြောင့် AFC Cup ဝင်ခွင့်ရဖို့ ဒီပွဲကို အာရုံစိုက်လာဖို့ ရှိပါတယ်။ ဒီပွဲကိုတော့ General Aung San Shield Facebook Page ကနေ တိုက်ရိုက် Live Stream ပြသပေးသွားမှာ ဖြစ်ပါတယ်။
Credit: GASS2017
Comments